Wednesday, December 28, 2011

အရပ်မျက်နှာ မှားသွားသော သံလိုက်အိမ်မြှောင်


                   သံလိုက်အိမ်မြှောင်ဆိုတာ မြောက်အရပ်ကို အမြဲ ညွှန်ပြနေတယ်။ ဒီလိုပါပဲ လူတစ်ယောက်ရဲ့ ဘ၀ရည်မှန်းချက် ကလည်း  သူ့ဘ၀ရဲ့ ပန်းတိုင်ကို အမြဲညွန်ပြနေပါတယ်။                                                                                                                                                                                                                                                                   
             သူ ငယ်စဉ်ကတော့ ဖြစ်ချင်တာတွေက အများသား။ ငယ်ငယ်တုန်း က ဆန်းဒေးစကူးလ်မှာ ဆိုခဲ့ ဖူးတဲ့ သီချင်းလေးကို သူအမှတ်ရမိသည်။ “ဆရာဝန်ကြီး ဖြစ်ရမယ် …အင်ဂျင်နီယာကြီး ဖြစ်ရမယ်.. ဗိုလ်ချုပ်မှူးကြီး ဖြစ်ရမယ်” ဆိုပြီး ဆိုခဲ့တာတွေပေါ့။  ခုတော့ သမ္မကြီး ဖြစ်ရမယ်ဆိုပြီး ထပ်ထည့်ရမှာ။ အဲဒါလည်း…ချုပ်ကြီး ဖြစ်မှ သမ္မတ ဖြစ်လို့ရတယ်လို့ ပြောတော့  …ချုပ်ကြီးပဲ ကောင်းပါတယ်လေ။
             သူ ကျောင်းပြီးတော့ အလုပ်လုပ်ဖို့ စဉ်းစားမိသည်။ ပြည်ပထွက်ပြီး အလုပ်လုပ်တာ ခေတ်စားနေတော့ သူလဲ ထွက်လာခဲ့သည်ပေါ့။ ရောက်ခါစ ဆိုတော့ အလုပ်ကို ကြိုးစားလုပ်ပြီး ချွေတာ ဆုဆောင်းသည်ပေါ့လေ။ “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့” ဆိုတဲ့နေရာမှာ “ဘယ်သူအလုပ်ပျက်ပျက် ကိုယ်မပျက်စေနဲ့” ဆိုပြီး အလုပ်တွေ ကြိုးစားလုပ်ခဲ့သည်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး”ဆိုတာ သူ့ကို စောင်းပြောနေလားမသိ။ “ဒီည မန်ယူက သရေရှုံး ဘယ်လောက်ထိုးမလဲ” ဆိုတော့ သူ လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ ကျန်လက်တစ်ဖက်မှာ ကိုင်ထားသည်က ဂဏာန်းစုံ အချပ်များ။ သူငယ်စဉ်က ဂျိုကာမုန့်ကြွတ် တော်တော်ကြိုက်ခဲ့သည်။ ခုလည်းပဲ ဂျိုကာကို တောင့်တနေဆဲပါပဲ။ ကျောင်းနေစဉ်က သင်္ချာ အလွန်ညံ့ခဲ့သည်။ 678 ပေါင်းခိုင်းရင်တောင် ချက်ချင်းဖြေနိုင်မည် မဟုတ်ပေ။ ခုတော့လည်း သင်္ချာစွမ်းရည် တိုးတက်နေခဲ့ပြီ။
        သူ မနက်စောစော နိုးနေသည်။ညက အရှိန်တွေ မပြေသေး။ နာရီလှမ်းကြည့်တော့ ၉နာရီခွဲ ကျော်နေပြီ။ အလုပ်ဆင်းဖို့ရန် နောက်ကျရုံမက လူကိုယ်တိုင်က ဆင်းချင်စိတ်မရှိ။ အလုပ်ပျက်ပေါင်းများ၍ သူဌေးကလည်း ဆူပူကြိမ်းမာင်းသည်မှာ အကြိမ်မနည်းလှတော့။ ၀ရန်တာသို့ ပျင်းရိစွာ ထွက်လာတော့ မိုးစက်လေးတွေက လာရောက်ကြည်စယ်လေသည်။ သူ့စိတ်ထဲ အနည်းငယ် လန်းဆန်းသလို ဖြစ်သွားသည်။ ရှေ့ လမ်းမကို အဓိပ္ပါယ်မဲ့စွာ လှမ်းကြည့်ရင်း ကိုယ့်ဘ၀ကို ပြန်လည်ဆန်းစစ်နေမိသည်။ အမိမြေမှ ထွက်လာတော့ ဘ၀ရည်မှန်းချက်တွေ အပြည့်နဲ့ ခုတော့ အကြွေးတွေ ၀ိုင်းနေသည်။ စိတ်မကြည်မသာ ဖြစ်လာ၍ အထဲပြန်ဝင်ပြီး ထိုင်ခုံပေါ်ထိုင်ရင်း စားပွဲပေါ်သို့ အကြည့်က ရောက်သွားသည်။ အရင်နှစ် ခရစ္စမတ်က ရထားသည့် သံလိုက်အိမ်မြောင်လေးက လှဲလျောင်းအိပ်စက်နေသည်။ “ မမြင်တာကြာတာ ဒီရောက်နေတာကိုး” ဟု စိတ်ထဲရေရွတ်ရင်း စားပွဲပေါ် ပြန်တင်ထားလိုက်လေသည်။  မြှားညွန်ပြရာကို ကြည့်မိတော့ အနောက်ဖက်ကို ပြနေသည်။ “မဟုတ်သေးပါဘူး ဒါမြောက်ဖက်မှ မဟုတ်တာ ပျက်နေပြီထင်တယ်” ဟု တွေးရင်း လက်နှင့် မကြည့်တော့ မြောက်အရပ်ပြနေသည်။ “ မှန်သားပဲ”ဟု ရေရွတ်ရင်း ပြန်တင်တော့ စောစော ကဖက် ပြနေတော့ ဘေးကို သေချာကြည့်မိသည်။ စတီးလ်ချိုင့် အစစ်ထင်၍ ၀ယ်ခဲ့မိသော စတီးလ်ရည် လောင်းထားသည့် သုံးဆင့်ချိုင့်လေးပါလား။ စတီးလ်တွေက ကွာသည့်နေရာကွာလို့ အထဲက သံတွေတောင် ပေါ်နေပြီ။ သို့နှင့် သံလိုက်အိမ်မြှောင်လေးကို စတီးလ်ချိုင့် လေးရဲ့ ဘေးပတ်ပတ်လည် ထားရင်း အရူးတစ်ယောက်ပမာ ဆော့ကစားနေလေတော့သည်။
             သံလိုက်အိမ်မြှောင်က မြောက်အရပ်ကို ညွှန်ပြနိုင်ပေမယ့် ဘေးမှာ သံလိုက်ပစ္စည်း ရှိရင် အဲဒီဖက်ကို လိုက်လှည့်တတ်သလို ဘ၀ရဲ့ ရည်မှန်းချက်တွေလည်း ပတ်ဝန်းကျင်ရဲ့နောက် ပါသွားနိုင်ပါတယ်လေ။

                  ( မလေးက သူငယ်ချင်းများသို့ အမှတ်တရ)

No comments:

Post a Comment